Friday, November 27, 2009

မင်္ဂလာနံနက်ခင်းပါ

“မင်္ဂလာနံနက်ခင်းပါ” တဲ့
အိပ်ခန်းပြတင်းဆီမှ
မြောက်လေနုနုက နုတ်ဆက်တယ်၊

“မင်္ဂလာပါကွယ်”
ကျန်းခံသာလို့ မာပါစ
ရွှင်လန်းပါလေစ၊

လေညှင်းလေးရဲ့လက်ဆောင်
ပြတင်းတံခါးဘောင်ကို
တိုးကပ်လို့ လှမ်းကြည့်မိတယ်၊

ဖြာလင်းတဲ့ နေရောင်ခြည်
ပြာပြာလွင်လွင် ကောင်းကင်ဆီမှ
ဟိုတစ်စသည်တစ်စ တိမ်တွေက… က၊

စိမ်းလန်းနေတဲ့ သစ်ပင်ဆီ
တေးသီတမ်းရင်း
ငှက်လေးတွေက ပျံသန်းပြန်တယ်၊

ဟို….အောက်နားဆီက
တဂျီဂျီ မြက်ရိတ်စက်
မနက်ခင်းအလှကို အသက်ဝင်နေစေတယ်၊

ကဗျာဆန်ဆန်
ကွေ့ဝိုက်တဲ့လမ်း
အပြာရောင်ကားလေး ဖြတ်သန်းသွားခိုက်
သက်ငြိမ်မဟုတ်တဲ့
ပန်းချီကားတစ်ချပ်
ကိုယ်တွေ့လိုက်ပါတယ်ကွယ်။

(မနက်ခင်းအလှလေးကို မျှဝေချင်တာလေးပါ)


Monday, November 23, 2009

စတုတ္ထနှစ်ဗိသုကာကျောင်းသူ


ဗိသုကာ ကျောင်းသူတယောက်ရဲ့ အဆောင်က အခန်းကို မြင်ဖူးပါရဲ့လား၊ အဲဒီအခန်းမှာ ဗိသုကာကျောင်းသူတဦး အမှန်တကယ် နေထိုင်ခဲ့ပါတယ်။

ညတစ်ဆယ့်နှစ်နာရီထိုးလည်း သူမ မအိပ်နိုင်၊ အနောက်ဖက်ခြမ်းတောင်ပံက သန့်စင်ခန်းကို သွားကြရင်း သနားတယ်ဆိုတဲ့ အကြည့်နဲ့ သူမကို ကြည့်သွားကြတာများ၊ ပုံဆွဲကိရိယာတွေ၊ ပုံဆွဲထားတဲ့ ထရေစင် စာရွက် (Tracing Paper) ပုံတွေ၊ ပုံစံငယ် (model) လုပ်ဖို့ အပိုင်းအစတွေ ကုတင်ပေါ်မှာ ပြန့်ကျဲလို့၊ သူမ ဒီတညရော အိပ်လို့ ရပါအုံးမလား၊ ကက်ဆက်လေးတစ်လုံးနဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ စန္ဒရားတီးလုံးလေးတွေ ကို တီးတိုးညင်သာစွာဖွင့်လို့ သူမ အာရုံတွေ နှစ်မျောနေခဲ့တာ၊ ဒီနှစ်အတွက် သုံးခုမြောက် တင်သွင်းရမယ့် ဒီဇိုင်းက ဆေးရုံတဲ့လေ၊ ကုတင်တစ်ရာဆေးရုံဆိုပဲ။

ဆေးရုံလို အဆောက်အအုံက ဒီဇိုင်းလုပ်လို့ကို မကောင်းဘူးတဲ့၊ ဖြေရှင်းပေးရမယ့် နည်းပညာတွေက များတယ်၊ ဆေးရုံမှာ ပါရမယ့်အခန်းတွေကို ပြေလည်အောင် ဖြေရှင်းပေးတာကိုက အခက်တဲ့၊ မေးမြန်းရ၊ စဉ်းစားရမယ့် အချက်တွေ များလွန်းလို့ ဒီဇိုင်းဆိုတာကိုတောင် မေ့စေတော့မလောက် အာရုံစားစေတယ်တဲ့လေ။

သူမရဲ့ အခန်းနံရံပေါ်ကိုလည်း ကြည့်ပါအုံး၊ စာတွေရေးပြီး ကပ်ထားတယ်၊ သူမအတွေးထဲမှာ ဘာတွေများ ရှိတာပါလိမ့်၊ အနုပညာတွေဆိုတာလားတော့ မသိဘူး၊ သူမကိုယ်တိုင်ပဲ သိလိမ့်မယ်၊ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ ဒီဗိသုကာဘာသာကို ယူခဲ့တာ ဒီ ဒုတိယ အုပ်စုမှာ (MIT Second Batch) သူမ တယောက်တည်းရယ်၊ အဖော်(မိန်းခလေး) လည်းမရှိ၊ သတ္တိရှိတယ်လို့တော့ ပြောရမယ်၊ တခါတခါတော့လည်း ပြောတတ်ပြန်တယ်၊ ဗိသုကာပညာဆိုတာကို သူမ နားမလည်သေးပါဘူးတဲ့၊ ဒါပေမယ့် ပုံဆွဲရတာကိုတော့ နှစ်ခြိုက်နေသလိုပဲ၊ မနက်လင်းတဲ့ ညတွေ သူမအတွက် များလွန်းတယ်။
ကျောင်းရှေ့က ခြံမှာ ၀ယ်ထားတဲ့ ပန်းအိုးထဲက နှင်းဆီရနံ့တွေနဲ့ သူမ ပုံဆွဲတယ်၊ စကားလုံးတွေ မပါတဲ့ ဂီတတေးသွားတွေနဲ့ သူမ ပုံဆွဲတယ်၊ အခန်းဖော် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ ညင်သာတိုးတိတ်စွာ လှုပ်ရှားတယ်၊ သူမ… သနားစရာကောင်းလှတယ်။

ဗိသုကာဘာသာမှာ တစ်ဦးတည်းသော မိန်းခလေးမို့ မဲနဲ့ရွေးစရာမလိုပဲ ကွင်း(Queen) ဖြစ်နေတဲ့ သူမကို ဂရုစိုက်မယ့် အတန်းဖော် (ယောကျာင်္းလေး) တွေရှိပါတယ်၊ သူမကို ဂရုစိုက်ကြသားပဲ၊ သူမဟာ ခင်စရာတော့ အကောင်းသား၊ စကားများများ မပြောတာကလွဲလို့လေ၊ ဒီဇိုင်းပရော့ဂျက်တွေ တခါ (Jury)* ဂျူရီတင်ပြီးသွားတာနဲ့ သူမ ပေါ့ပါးသွားပြန်တယ်၊ ကျောင်းရဲ့ ၀န်ထမ်းတွေနေတဲ့ အိမ်ဖက်မှာရှိတဲ့ စာအုပ်ဆိုင်က စာအုပ်တွေ ငှားပြီးဖတ်တယ်၊ ဘာသာပြန်တွေလဲပါတယ်၊ အနီနှင့်အနက် ဆိုပြီး အာဖရိက က လူရိုင်းအကြောင်းတွေတဲ့၊ ဖတ်ပြီးသွားရင်လည်း သိပ်မမှတ်မိဘူး၊ စာထဲက အကြောင်းအရာတွေကို အကုန်မယူနိုင်သေးဘူး၊ စာမဖတ်တတ်သေးဘူးတဲ့ ပြောတတ်ပြန်သေးတယ်၊ စာရေးတတ်ချင်လို့ဆိုပြီး ၀တ္တုတိုရေးနည်းတွေ ဖတ်လိုဖတ်၊ ရသစာတမ်းဆိုပြီး ဖတ်လိုဖတ်၊ တကယ်တော့ အဲဒီအချိန်မှာ ဘာမှလည်း ရေးတာ မတွေ့ဘူး၊ အနီရောင် ဒိုင်ယာယီစာအုပ်တစ်အုပ်တော့ တွေ့မိသလိုပဲ။

အဲဒီည သူမ မိုးလင်းသွားခဲ့ပုံရတယ်၊ သူမတွေ မနက်အိပ်ရာနိုးတော့ ပိတ်ခြင်ထောင်ထဲမှာ သူမ အိပ်မောကျနေခဲ့ပြီ၊ လုပ်လက်စ မော်ဒယ်လ်လေးပေါ်မှာ “ကျေးဇူးပြု၍ မနိုးပါနဲ့” တဲ့။

(အမှတ်တရ ပြီးတော့ ကိုယ်တိုင်နှစ်သက်မိတဲ့ ရေးဟန်လေးမို့ ဝေမျှချင်ရုံလေးပါ)။

Jury* = ဒီဇိုင်းကြီးကြပ်သောဆရာများ၊ ဖိတ်ကြားထားသောဆရာများ နှင့် ဧည့်သည်ကျောင်းသားများရှေ့တွင် ကိုယ်တိုင်ပြုလုပ်သော ဒီဇိုင်း၏တွေးခေါ်ချက်များနှင့် ရေးဆွဲထားသည်များကို တင်ပြရခြင်း။

Blogger template 'Purple Mania' by Ourblogtemplates.com 2008

Jump to TOP